Wednesday 1 August 2012

ဝါဆိုလပြည့်နေ့ 

မနက်ဖြန်သည် ၁၃၇၄ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့ဖြစ် သည်။ဂေါတမမြတ်စွာဘုရား အလောင်း တော် သိဒ္ဓတ္ထမင်းသား သည် ကပိလဝတ်ပြည့်ရှင် သုဒ္ဓေါဓနမင်းကြီး၏ မိဖုရားသီရိမဟာမာယာဒေဝီ၏ ဝမ်းကြာတိုက်၌ ဝါဆိုလပြည့် ကြာသပတေးနေ့တွင် သန္ဓေယူတော်မူခဲ့သည်။ သူအို၊ သူနာ၊ သူသေနှင့် ရဟန်းတို့ကိုမြင်ရသော် ဘဝသံသရာကို တရား သံဝေဂရရာမှ သက်တော် ၂၉ နှစ် အရွယ် မဟာ သက္ကရာဇ် ၉၇ ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့တွင် တောထွက်တော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့် စနေနေ့တွင် မိဂဒါဝုန်တော၌ သီတင်းသုံးနေသော ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရား ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့ကို သန္ဓေ၊ တောထွက်၊ ဓမ္မစက်ဟူ၍ ဗုဒ္ဓဘာသာ ဝင်တို့ အမှတ်အသားပြုကြသည်။ ရဟန်းသံဃာ အရှင်သူမြတ်များသည် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှသီတင်းကျွတ်လပြည့်နေ့ အထိ ဝါတွင်းသုံးလပတ်လုံး မိမိတို့သီတင်းသုံးရာကျောင်း၌ပင် သီတင်းသုံးကြရသည်။ ရပ်ဝေးခရီးသို့ မြ<ွကကြရန် ပညတ်ထားသည်။ ရဟန်းသံဃာများ ဝါကပ်ခြင်းတွင် ဝါထပ်သောနှစ်များ၌ ပထမဝါဆို လပြည့်ကျော် (၁)ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိကို ပုရိမဝါကပ်သည်ဟု ခေါ်ကြသည်။ ဒုတိယ ဝါဆိုလပြည့်ကျော်(၁)ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိကို ပစ္ဆိမဝါကပ်သည်ဟု ခေါ်ကြသည်။ မြန်မာတို့သည် ဝါဆိုလတွင် အစဉ်အလာအားဖြင့် ပဉ္ဇင်းခံပွဲနှင့် ဝါဆိုသင်္ကန်းကပ်ပွဲများ ကျင်းပကြ သည်မှာ ရှေးခေတ်ကပင်ဖြစ်သည်။ ပုဂံမြို့ရှိ သင်လျင်အိုကပ်သင်ကျောက်စာ၌ ”သားပဉ္ဇင်းခံ၍ တရားဦးနာသရော၊ ကျွန်၊နွား၊ ဥစ္စာပေး၏” ဟု ရေးထိုးထားရာ ပုဂံခေတ်ကပင် ပဉ္ဇင်းခံပွဲများရှိကြောင်း တွေ့ရသည်။ အင်ရုံရွာစား ဝန်ကြီးသီရိ ဥဇနာစီရင်ရေးသားသော လောကဗျူဟာကျမ်း၌ ဝါဆိုလဆန်း (၅)ရက်တွင် ဝါဝင်အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့ကြောင်း တွေ့ရသည်။ ” ပြည်သူပြည်သားအပေါင်းတို့ ယခုဝါဆိုလရောက်ပေပြီ။ ပဉ္စသီ၊ အဋ္ဌသီ၊ ဒဿသီတို့ကို ဆောက်တည်၍ အလှူပေးခြင်း၊ သီလသီတင်း ဆောက်တည်ခြင်း၊ ဘာဝနာစီးဖြန်းခြင်းကိုလည်း သဒ္ဓါစေတနာစိတ်ရှိသမျှ လှူဒါန်းဆောက်တည်ကုန်” ဟူသော အမိန့်ပြန်တမ်းမှာ ဗုဒ္ဓဘာသာတို့၏ အစဉ်အလာဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဝါတွင်းကာလ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်းဝင်၍ တရား အားထုတ်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော ခဲဖွယ်များကပ်လှူခြင်း၊ ဝါဆို သင်္ကန်းကပ်လှူခြင်း စသည်ဖြင့် ကုသိုလ်ကောင်းမှုပြုကြသည်။ သို့ဖြစ်၍ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ် ဖြစ်သကဲ့သို့ ဝါတွင်းသုံးလသည်လည်း ဗုဒ္ဓဘာသာဝင်တို့အဖို့ ဒါနကုသိုလ် အထူးပြုကြသော ကာလ ဖြစ်သည့်အားလျော်စွာ အများပြည်သူအပေါင်းတို့သည် အလှူရေစက်လက်နှင့်မကွာပြု၍ ကုသိုလ် ယူကြပါရန် နှိုးဆော်လိုက်ရပါသည်

No comments:

Post a Comment